ပြည်ထောင်စုမြန်မာနိုင်ငံ အထူးဒေသ(၁)၊ ကျန်းမာရေးဌာန (၉.၁.၂၀၂၆) ကြေညာချက်
ပြည်ထောင်စုမြန်မာနိုင်ငံ အထူးဒေသ(၁)၊ သိန်းနီပြည်သူ့ဆေးရုံကြီး၌ ကိုယ်ဝန်ဆောင်မိခင်များအတွက် (AN Care) ကျန်းမာရေးစောင့်ရှောက်မှုများကို (၁.၁.၂၀၂၆) ရက်နေ့မှ စ၍ အခမဲ့ ဝန်ဆောင်မှုပေး
ပြည်ထောင်စုမြန်မာနိုင်ငံအထူးဒေသ(၁)၊ သိန်းနီပြည်သူ့ဆေးရုံကြီးတွင် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ အဆင့်မြှင့်တင်မှု တစ်ရပ်အနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှု (Antenatal Care – AN Care) လုပ်ငန်းစဉ်များကို (၁.၁.၂၀၂၆) ရက်နေ့မှ စတင်ပြီး အခမဲ့ ဝန်ဆောင်မှုပေးနေပြီဖြစ်သည်။
အဆိုပါ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်သည် ဒေသအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစကလေးငယ်များ၏ အသက်အန္တရာယ်ကင်းရှင်းရေး၊ မိခင်နှင့်ကလေး ကျန်းမာကြံ့ခိုင်စေရေးနှင့် မလိုလားအပ်သော ကျန်းမာရေးပြဿနာများကို ကြိုတင်ကာကွယ်နိုင်ရေးတို့ကို ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်။
သိန်းနီပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိဆရာဝန်များနှင့် သူနာပြုများက လာရောက်ပြသသော ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်ရှိစအချိန်မှစ၍ မွေးဖွားသည်အထိ လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများဖြစ်သည့် ကိုယ်အလေးချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ သားဖွားမီးယပ်ဆိုင်ရာ စစ်ဆေးခြင်းများ တို့ကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိသည်။
“ယခုလို AN Care ကို အခမဲ့ ဆောင်ရွက်ပေးတဲ့အတွက်ကြောင့် ငွေကြေးအခက်အခဲရှိတဲ့ မိသားစုတွေအတွက် များစွာအထောက်အကူဖြစ်စေပါတယ်။ မိခင်ရော ကလေးပါ ကျန်းမာဖို့အတွက် ဆေးရုံကနေ ဂရုတစိုက် စောင့်ရှောက်ပေးတဲ့အတွက် ဝမ်းသာပါတယ်” ဟု လာရောက်ပြသသည့် ဒေသခံကိုယ်ဝန်ဆောင်မိခင်တစ်ဦးက ပြောကြားခဲ့သည်။
အထူးဒေသ(၁) ကျန်းမာရေးဌာန အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လက်လှမ်းမီနိုင်စေရန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် အဓိကကျသော ကျန်းမာရေးကဏ္ဍကို စဉ်ဆက်မပြတ် တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

